Quantcast
Channel: mmshare - Motivation
Viewing all articles
Browse latest Browse all 2

အချိန်ကောင်း အခါကောင်း အခြေအနေကောင်း - အတားအဆီးများကို ဖော်ထုတ်ခြင်း (၇)

0
0

ကျွန်တော်တို့ အတွက် ကောင်းတာတစ်ခုခု လုပ်ဖို့ စဉ်းစားကြတဲ့အခါမှာ − အချိန်ကောင်းဆိုတာ ဘယ်အချိန်လဲ။ ကိုယ့်အတွက် ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေကို ဘယ်လို ဖန်တီးကြမလဲ။

လူတွေကို ကူညီတဲ့ အလုပ်ဟာ တစ်ကယ်ကို ပျင်းရိငြီးငွေ့ စရာကောင်းပြီး သင့်အတွက် လုံးဝ အကျိုးမရှိဘူးလို့ ထင်နေသလား။ တစ်ကယ် အရေးကြီးတယ် ဒါမှ မဟုတ် နောင်မှာ အရေးကြီးလာနိုင်တဲ့ အလုပ်တစ်ခုခုကို လုပ်လိုက်ဖို့ စိတ်အားထက်သန်မှု လိုအပ်နေလား။ လုပ်စရာ အလုပ်တွေ ရှိနေပေမယ့် သိပ်ပြီး ငြီးငွေ့နေတတ်တာမျိုး ခံစားနေရပြီလား...

ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်၊ မဖြစ်မနေ လုပ်ကို လုပ်ရတော့မယ် အလုပ်တွေအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေနဲ့ စိတ်အားထက်သန်မှုတွေကို ဘယ်လို ရအောင် ဖန်တီးမလဲ၊ စိတ်ပါလက်ပါနဲ့ အောင်မြင်အောင် ဘယ်လို လုပ်ကြမလဲ..

၃၀ - အကောင်အထည် ဖော်ဖို့ အချိန်ကောင်းဆိုတာ - Time to get the right exposure

သင့်မှာ တိကျခိုင်မာတဲ့ အလုပ်ကောင်းတစ်ခုကို အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်တစ်ခုခု ရှိနေပြီ ဆိုတာ သေချာရင် စပြီးအလုပ်လုပ်ဖို့ အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အချိန်ဟာ အခု အချိန်ပါပဲ။

နေရာတွေ ပတ်ဝန်းကျင်တွေကို သိပ်မစဉ်းစားပါနဲ့။ အခွင့်အရေးဆိုတာ လူတိုင်းဆီကို မလာတတ်ပါဘူး။ လိုချင်တဲ့သူက ရှာယူရတာပါ။

ဉပမာ တစ်ခုအနေနဲ့ YouTube မှာ သီချင်းဆိုပြီး အောင်မြင်လာတဲ့ Jayesslee တို့ Korean ညီအစ်မ (Janice and Sonia) ကိုပဲ နမူနာ ယူကြည့်လိုက်ပါ။ ဒီနေ့ အွန်လိုင်းနဲ့ YouTube, MySpace, Facebook စတဲ့ အလကားရတဲ့ Platform တွေ နေရာတွေမှာ ပိုက်ဆံ အရင်းအနှီး လုံးဝ သို့မဟုတ် အနည်းအကျဉ်းပဲ အကုန်ခံပြီး ဝါသနာပါတာကို အောင်မြင်ကျော်ကြားအောင် လုပ်နိုင်တဲ့ လူငယ်လေတွေ အများကြီး ရှိနေတာ မြင်နိုင်ပါတယ်။

ကျွန်တော်တို့ ဘဝမှာ ကိုယ်လုပ်ချင်တာကို လုပ်နိုင်ဖို့ အခွင့်အရေး အတော်များများက အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ပြင်ဆင်မှုတွေ ပေးဆပ်မှုတွေ ကြိုးစားအားထုတ်မှုတွေကို ရင်းနှီးပြီးမှ ရလာတာတွေ ဖြစ်ပါတယ်။

အဲဒါကြောင့် သင့်မှာ ကိုယ်ယုံကြည်တာကို လုပ်နိုင်ဖို့ လုံလောက်တဲ့ ခံယူချက်နဲ့ အစွမ်းသတ္တိတွေ ရှိနေပြီဆိုရင် ဘာကိုမှ မစောင့်ပါနဲ့။

လက်ရှိအချိန်မှာပဲ ကိုယ့်ဆီမှာ ရနိုင်တဲ့ အကောင်းဆုံး အခြေအနေတွေ အခွင့်အလမ်းတွေကို အသုံးချပြီး အခုပဲ စလုပ်လိုက်ပါ...

၃၁ - လူတွေကို ကူညီတာ အလကားပါကွာ - There is no point with helping others

လူတွေကို ကူညီပါ။ သင်တတ်စွမ်းသလောက် ကူညီပါ။

ကျွန်တော်တို့ ဘာပဲလုပ်လုပ်၊ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် ဘာမှ အလကား မဖြစ်ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုး ပြန်ရမှာ ဖြစ်သလို မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့ အလျောက် ခံစားရမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ လုပ်တဲ့ အရာရာတိုင်းမှာ အဓိပ္ပါယ် ရှိပါတယ်။ ဒါတွေ လုပ်မနေစမ်းပါနဲ့ အလကားပါကွာ ဆိုတဲ့ ခံယူချက် ရှိနေရင်တော့ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရပါဘူး။

ဉပမာ − သင်တတ်စွမ်းသလောက် သူတပါးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနေတာဟာ အလုပ်တစ်ခုပါပဲ။ သင်တစ်ခုခု လုပ်နေတာ အဓိပ္ပါယ်ရှိနေတာ ဖြစ်ပါတယ်။ သူတပါးကို ကူညီရင်း သင့်မှာ စွမ်းဆောင်ရည် မြင့်တက်လာသလို လူဝင်ဆန့် အပေါင်းအသင်းဆန့်လာတာကို သတိထားမိပါလိမ့်မယ်။ ပိုက်ဆံတော့ ရချင်မှ ရပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် ဘာမှ အလကား မဖြစ်သွားပါဘူး။

သင်ဟာ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးရှိရာ တစ်ခုခုကို လုပ်နေတယ်ဆိုတာ ရင့်ကျက်လာတဲ့ သဘောလဲ ဖြစ်ပါတယ်။ စိတ်ကူး အိပ်မက်တစ်ခုခုကို တစ်ကယ် အကောင်အထည် ဖော်ကြည့်နေတာ ဆိုရင်လည်း မမှားပါဘူး။

ဒီအလေ့အကျင့်ကို ပိုက်ဆံမရတဲ့ အခမဲ့ လူမှုဝန်ထမ်း အလုပ်မျိုးတွေမှာ လေ့ကျင့်သွားရင်း၊ နောင်တစ်ချိန် ကိုယ့်အတွက် ဝင်ငွေရမယ့် အလုပ်တွေမှာ ပြန်အသုံးချ နိုင်ပါသေးတယ်။ ဒါတွေဟာ စိတ်ကူးတွေကို တစ်ကယ် အကောင်အထည်ဖော်နေတာ လက်တွေ့ဘဝထဲကို ဆွဲယူနေတာ ဖြစ်ပါတယ်။

တစ်ကယ်လို့များ သင်လုပ်လိုက်တဲ့ ကောင်းမှုတစ်ခုခုကို ဘယ်သူကမှ မသိလိုက်ဘူးဆိုရင်တောင် သင်ကိုယ်တိုင် သိနေပါတယ်။ ငါကောင်းတဲ့ အလုပ်တစ်ခု ကောင်းမှုတစ်ခု လုပ်လိုက်ရတယ် ဆိုတဲ့အသိနဲ့ ခံစားချက်က သင့်ကို ရွှင်လန်းတက်ကြွစေပြီး အားအင်သစ်တွေ မွေးဖွားပေးပါလိမ့်မယ်။ဒါကြောင့် သင်ကောင်းတာ တစ်ခုခုလုပ်ဖို့ ဘယ်တော့မှ နောက်မတွန့်ပါနဲ့။

၃၂ - သိပ်အရေးမကြီးပါဘူး - It is not important enough

တစ်ခါတလေ ကျွန်တော်တို့ စိတ်ထဲမှာ နောင်မှာ အသုံးလိုမယ်လို့ ထင်တာလေးတွေ ရှိတတ်ပါတယ်။

တကယ်လို့ အဲဒါကို လုပ်ရတာ အချိန်သိပ်မကုန်ဘူး၊ သိပ်အပန်းမကြီးဘူး၊ အခုအချိန် လုပ်လိုက်လို့ ဘာမှ အပန်းမကြီးပေမယ့် နောက်မှ လုပ်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး ဆိုတဲ့ အလုပ်မျိုး ဖြစ်နေရင် အခုပဲ လုပ်ထားလိုက်ပါ။

မလုပ်လိုက်ရရင် စိတ်ထဲမှာ ခိုးလိုးခုလု နေတော့မယ်လို့ ထင်နေပြီ ဆိုရင်တော့ လုပ်သာလုပ်လိုက်ပါ။

နောက်မှ လုပ်မယ် - I will get to it later

တစ်ခါတလေ နောက်မှ ပြန်လုပ်မယ် ဆိုပြီး အချိန်ရွေ့မိတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို မရွေ့ပါနဲ့၊ အဲဒီလို ရွေ့မိတဲ့ အလုပ်အတော်များများဟာ ဘယ်တော့မှ ပြန်မလုပ်မိတော့လို့ပဲ ဖြစ်ပါတယ်။

လုပ်စရာ ရှိတာကို အခုလုပ်လိုက်ပါ။ တကယ်လို့ အခုမလုပ်နိုင်သေးရင် ဆောင်ရွက်ရန် စာရင်း (To do list) ထဲ ထည့်ထားလိုက်ပါ။ ပြီးရင် လုပ်ဖြစ်အောင် လုပ်ပါ။ အောင်မြင်အောင် လုပ်ဆောင်ပြီးသွားတဲ့ အခါမှာ ကြေနပ်နှစ်သိမ့်မှု တစ်ခုကို သင်ခံစားရ ပါလိမ့်မယ်။

တစ်ချို့ အလုပ်တွေက ကိုယ့်အတွက် သိပ်ကို ပျင်းရိ ငြီးငွေ့စရာ ကောင်းနေတတ်လို့ မလုပ်ချင်တာမျိုးလည်း ရှိတတ်ပါတယ်။ အဲလို အခါမျိုးမှာ အဲဒီအလုပ်ကို လုပ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာပါ။ တစ်ယောက်ယောက် အတွက် ပျင်းစရာ ကောင်းတဲ့ အလုပ်တွေဟာ နောက်တစ်ယောက်အတွက် စိတ်ဝင်စားစရာ အလုပ်တစ်ခုခု ဖြစ်နေတတ်လို့ပါပဲ။

သတင်း အချက်အလက်တွေကို ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မတူညီ တတ်ပါဘူး။ အဲဒါကြောင့် မဖြစ်မနေ ကိုယ့်အတွက် လုပ်ရမယ့် တစ်ခုခုကို ဘယ်လိုမှ စိတ်ပါလက်ပါ ဆက်မလုပ်နိုင်တော့ဘူး ဆိုရင် လုပ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာဖို့ မမေ့ပါနဲ့။

တစ်ကယ်လို့ ကိုယ်ကလည်း စိတ်မပါဘူး၊ လုပ်ပေးမယ့်လူလည်း ရှာမတွေ့တော့ဘူး ဆိုရင်တော့ နောက်ဆုံး သင်ကိုယ်တိုင်ပဲ လုပ်ရပါတော့မယ်။ အဲဒီလို ပျင်းစရာကောင်းတဲ့ အခြေအနေမျိုးကနေ စိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားကို ပြောင်းလဲလာအောင် ဖန်တီးဖို့ လိုအပ်ပါလိမ့်မယ်။

အဲဒီလို ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းအောင် ပြုလုပ်နည်းများဆိုတဲ့ ဆောင်းပါးလေးကို အခုပဲ သွားဖတ်ကြည့်လိုက်ပါ။ တစ်ခုခု ထူးခြားပြောင်းလဲ သွားပါလိမ့်မယ်။

မဖြစ်မနေ လုပ်ရမယ့် အလုပ်ကို လုပ်ဖို့ ပျင်းနေတဲ့ နောက်တစ်ချက်က ကိုယ့်မှာ လုံလောက်တဲ့ အစွမ်းနဲ့ စိတ်ဝင်စားမှု မရှိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဆိုရင် သက်ဆိုင်တဲ့ သင်တန်းတစ်ခုခုကို တက်လိုက်တာ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ကယ် သိတဲ့ တစ်ယောက်ယောက်ကို မေးလိုက်တာ၊ ရတဲ့ နေရာကနေ စလုပ်လိုက်တာ မျိုးတွေ လုပ်သင့်ပါတယ်။

ဆက်ရန်...

Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great− ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။


Viewing all articles
Browse latest Browse all 2

Latest Images

Trending Articles





Latest Images