Quantcast
Channel: mmshare - Motivation
Viewing all articles
Browse latest Browse all 2

ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးက ဘာလဲ

$
0
0

ပညာရေးဆိုတာ လူ့ဘဝရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ "ပညာရွှေအိုး လူမခိုး"ဆိုတဲ့ စကားပုံလေးလည်း ရှိပါတယ်။ ပညာသာတကယ်ရှိရင် ကျန်တာတွေရှိဖို့ သိပ်မခဲယဉ်းတော့ပါဘူး။ "ပညာ"ရှိမှသာ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်တဲ့ ဉာဏ်ရှိမှာပါ။ အဲဒီလိုဆိုရင် ဘဝမှာအောင်မြင်ဖို့ဆိုရင် ပညာရေးမှာအောင်မြင်ဖို့ကလည်း အရေးကြီးမှာပါပဲ။ အဲဒါဆိုရင် ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးအရာက ဘာများလဲ။

ရှေးထုံးလည်း မပယ်နဲ့၊ နှေးဦးဟဲ့ တကယ်ပဲ

ဒီလိုပြောလိုက်လို့ ရှေးရိုးစွဲအယူအဆတွေအကုန်လုံးကို လွှင့်ပစ်လိုက်ရမယ်လို့ မဆိုလိုပါ။ ကျွန်တော်တို့ရဲ့ဘဝတွေမှာ ရှေးယခင်က သတ်မှတ်ထားတဲ့ အရာတစ်ခုဟာ မှန်တယ်ဆိုတာနဲ့ပဲ ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစား မတွေးခေါ်ဘဲ မှန်လိုက်ရတော့မှာလား။ ကျွန်တော်တို့မှာကော စဉ်းစားပိုင်ခွင့်တွေ မရှိတော့ဘူးလား။ အစဉ်အလာဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲကနေ ရုန်းထွက်ပြီး မတွေးသင့် မကြံသင့်တော့ဘူးလား။

တစ်ချို့ရှေးထုံးတွေကတော့ သင်္ချာ၊ သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေကို မကျော်နိုင်ဘူးဆိုတာမျိုး။ ဖခင်လည်းမရှိ၊ မိခင်ကလည်း ဆေးရုံမှာ သန့်ရှင်းရေးလုပ်၊ အဲဒီလိုမိဘကမွေးတဲ့ သမီးက ကြီးလာရင် အာရုံကြောအထူးကုတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်မျိုးတောင် မရှိလောက်ပါဘူး ဆိုတာမျိုးတွေပါ။ အရိုးစွဲနေတဲ့ တစ်ချို ့ရှေးရိုးစွဲယုံကြည်မှုတွေက ကြောက်စရာ တကယ်ကောင်းပါတယ်။ ဆရာပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ် ဒီလိုအရာတွေကို ယုံကြည်နေပါတယ် ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဘာတွေလဲဆိုတော့ "လူနေမှုအဆင့်အတန်းက ဉာဏ်ရည်ထက် အဓိကကျတယ်"၊ "အောက်ခြေလူတန်းစားရဲ့ သားသမီးက လူလတ်တန်းစား သားသမီးကို ကျော်နိုင်မှာမဟုတ်"ဆိုတာမျိုးပါ။

သုတေသနနဲ့ ထုချေပြ

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက Professor Phil Mead က သြစတြေးလျားမှာ သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနကတော့ သြစတြေးလျားမှာရှိတဲ့ အင်္ဂလိပ်စကားပြောတဲ့ မိဘမဟုတ်တဲ့ အောက်ခြေလူတန်းစားကလေးတွေဟာ သြစတြေးလျားနိုင်ငံဖွား ကလေးတွေထက် ပညာရေးမှာ ပိုမိုထူးချွန်တယ်ဆိုတာပါပဲ။

နောက်ထပ်သုတေသနတစ်ခုကတော့ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျားမှာရှိတဲ့ အာရှကျောင်းသားတွေဟာလည်း ပညာရေးမှာ စွမ်းဆောင်ရည်မြင့်တယ်ဆိုတာ တွေ့ရပါတယ်။ သူတို့ရဲ့ IQ က အနောက်တိုင်းက ကျောင်းသားတွေထက် ကောင်းနေလို့မဟုတ်ပါဘူး။ ဒါဖြင့်ရင် ဘာကြောင့်လဲ။ အဖြေကတော့ စကားလုံးသုံးလုံးတည်းပါ။ "ရည်မှန်းချက်"၊ "ယုံကြည်မှု"နဲ့ "ကြိုးစားခြင်း"ပါ။

ရည်မှန်းချက်က ကြိုးစားအောင် တွန်းအားပေးပါတယ်။ ကြိုးစားတဲ့အတိုင်း အောင်မြင်တဲ့အခါကျတော့ ယုံကြည်မှုကို ဖြစ်စေပါတယ်။ အဲဒါဆိုရင် ကျွန်တော်တို့ မှတ်ထားရမှာက (၁) အောင်မြင်ချင်စိတ် ရှိကိုရှိရပါမယ်၊ (၂) ကိုယ်တကယ် အောင်မြင်နိုင်တယ်ဆိုတာ သိရပါမယ်၊ (၃) သိတဲ့အတိုင်း ကြိုးစားရပါမယ်။ စကားလေးတစ်ခုတောင်ရှိတယ် မဟုတ်ပါလား - "He can who thinks actually he can !" .

အောင်မြင်မှုကို မရှောင်ချင်ဘူးမို့ ၊ လှုံ့ဆော်ရင်းနှင့် ထုတ်ဖော်ခြင်း

"ဉာဏ်ကောင်းလို့"၊ "မိဘတွေက ပညာတတ်မျိုးရိုးတွေဖြစ်လို့"ဆိုတာထက် ပညာရေးမှာ အခရာ အကျဆုံးက လှုံ့ဆော်မှုပါတဲ့။ မအောင်မြင်တဲ့ ကျောင်းသားအများစုရဲ့ အဓိကအကြောင်းရင်းက လှုံ့ဆော်မှု အားနည်းလို့ပါတဲ့။ အဲဒါဆိုရင် ကျွန်တော်တို့ဟာ ပြဿနာ၊ အခက်အခဲတွေ ကြုံလာတဲ့အခါ အဲဒါတွေကို လှုံ့ဆော်မှု၊ တွန်းအားတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်။ ဥပမာပြောရရင် "ငါ့မိဘတွေကတော့ ပညာမတတ်ရှာဘူး၊ ဒါကြောင့်ငါကတော့ ပညာတတ်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်"ဆိုတာမျိုးပါ။

အပေါ်မှာ တင်ပြခဲ့တဲ့ သြစတြေးလျားက သြစတြေးလျားနိုင်ငံသားမဟုတ်တဲ့ ကျောင်းသားတွေရဲ့ စိတ်ထဲမှာလည်း "ငါတို့က သြစတြေးလျားနိုင်ငံသား ကျောင်းသားတွေထက် သာအောင်လုပ်ရမယ်"ဆိုတဲ့ လှုံ့ဆော်မှုမျိုးက ရှိနေတဲ့အတွက် ပညာရေးမှာ အောင်မြင်မှုရဖို့အတွက် အကျိုးသက်ရောက်နေတာ ဖြစ်ပါတယ်။ အဲဒါဆိုရင်အဓိက အကျဆုံးအချက်က လှုံ့ဆော်မှု ရှိဖို့ပါပဲ။

မြန်မာတို့ ကမ္ဘာသို့ ပြန်လာဖို့

ကျွန်တော်တို့ နိုင်ငံလေးဟာ ပိတ်ဆို့မှုပေါင်းများစွာနဲ့ ကမ္ဘာနဲ့ အဆက်ပြတ်နေခဲ့တာ ကြာပါပြီ။ ဒီကာလအတောအတွင်းမှာတော့ ကျွန်တော်တို့ အိပ်မက်တောင်မမက်ဖူးတဲ့ အဖြစ်အပျက်တွေကို မကြုံစဖူး ပျော်ပျော်ရွှင်ရွှင် ကြုံတွေ ့နေရပါတယ်ခင်ဗျာ။ အပေါ်က ဆောင်းပါးလေးအတိုင်းဆိုရင် ကျွန်တော်တို့အတွက် ပညာရေးမှာတိုးတက်ဖို့ လှုံ့ဆော်မှုတွေက အဓိက ကျနေတာကိုး။

ပညာရေးအဆင့်အတန်းမြင့်မားမှ နိုင်ငံအဆင့်အတန်းမြင့်အောင်လုပ်နိုင်မှာဖြစ်လို့... "တစ်ခြားနိုင်ငံတွေထက် နောက်ကျနေခဲ့တဲ့မြန်မာ"၊ "အထင်သေးခံခဲ့ရတဲ့ မြန်မာ"၊ "မလွတ်မလပ်နဲ့ အဖိအနှိပ်ခံခဲ့ရတဲ့မြန်မာ"၊ "သူတစ်ပါးနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်မနည်း ကြိုးစားနေရတဲ့မြန်မာ "... စတဲ့... စတဲ့ လှုံဆော်မှုတွေကို အကောင်းဆုံး အသုံးချရင်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက် တွေပြည့်လာအောင် ယုံကြည်မှုနဲ့ အားသွန်ခွန်စိုက် ကြိုးစားဖို့ တိုက်တွန်းရင်း...။ ။

HOW TO SUCCEED IN SCHOOL AND UNIVERSITY A GUIDE FOR PARENTS AND STUDENTS By Michael Petty, PhD ကိုသင့်လျော်သလို ဘာသာပြန်ကာ မိမိခံစားချက်များနှင့် ပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါသည်။


Viewing all articles
Browse latest Browse all 2

Latest Images

Trending Articles





Latest Images